Local News

ခြောက်ဦးသေ၊ သေနတ်သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မုံရွာနှင့် ရွှေဘိုတွင် ပျူစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး ခြောက်ဦးသေ၊ သေနတ်သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ရွှေဘိုမြို့နယ်တွင် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ခြောက်ဦးသေဆုံးကာ သေနတ် သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်က မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင် စစ်ဆေးရေးဂိတ်မှ တောပုပျူစောထီးကျေးရွာသို့ ဆိုင်ကယ် သုံးစီးဖြင့် ရိက္ခာသယ်ပြန်လာသော ပျူစောထီး သုံးဦးနှင့် အမျိုးသမီးပျူစောထီး တစ်ဦးအား တော်လှန်ရေးအင်အားစုများက စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်​မှုကြောင့် ပျူစောထီး သုံးဦး နေရာတင်သေဆုံးပြီး အမျိုးသမီးပျူစောထီးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက် သွားကြောင်း မုံရွာခရိုင်အမှတ်(၇)တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တောပု ပျူရွာကနေ မုံရွာမြို့ထဲကို ရိက္ခာသွားဝယ်ကြတဲ့ ပျူစောထီးတွေပါ။ သူတို့ရွာအဝင်ဆိုင်းဘုတ်မှာ ရှင်းခဲ့တာပါ။ ဖြစ်ပြီး တစ်နာရီ ကျော်လောက်ထိ အလောင်းလာမကောက်လို့ မုံရွာမန်းလေး အမြန်လမ်းမပေါ်မှာတင် သူတို့စီးခဲ့တဲ့ ဆိုင်ကယ်တွေရော သူတို့ အလောင်းတွေရော မီးရှို့လိုက်တာပါ။”ဟု မုံရွာခရိုင် အမှတ်(၇) တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

Shwebo Crocodile အဖွဲ့မှ ဗိုလ်မိကျောင်းကလည်း “သီလုံး တောင်ရွာ နောက်ဖျားကနေ ကင်းလှည့်လာတာကို စောင့်ကြိုတိုက်ခိုက်တာ။ နေရာမှာပဲ ပွဲချင်းပြီးတယ်။ ပျူအထိုင်ချတာ သီလုံး ရွာမကြီးမှာနေကြတာ။ တောင်ရွာဘက် ကင်းလှည့်လာတာကို တိုက်ခိုက်တာ။ ရွာမကြီးပျူအထိုင်နဲ့ မီတာ၄၀၀ အကွာမို့ သေဆုံး‌ ပျူသုံးကောင်အနက် တစ်ကောင်ပဲ မှတ်တမ်းယူနိုင်ခဲ့တာ”ဟု ပြောသည်။

အဆိုပါ ပျူစောထီး သုံးဦးထံမှ ဆိုင်ကယ်(၃)စီး၊ဖုန်း(၂)လုံး၊ပိုက်ဆံ (၄)သိန်းကျော်၊ယူနီဖောင်း(၁)ထည်နှင့် ရိက္ခာခြောက်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မုံရွာခရိုင်ညအမှတ်-၇ တပ်ရင်းက အသိပေးသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၆ ရက်) ညနေ၆ နာရီခန့်ကလည်း ရွှေဘိုမြို့နယ်၊ သီလုံးပျူစောထီးရွာမှ ကင်းလှည့်လာသော ပျူစောထီး သုံးဦးအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး သုံးဦး နေရာတွင်သေဆုံးပြီး ၎င်းတို့ ကိုင်ဆောင်လာသည့် သေနတ်(၃)လက်၊ ကျည်အချို့၊ကျည်ဗောက်(၅)ဗောက်၊ဗုံးသီးနှစ်လုံးတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မုံရွာတောပုပျူစောထီးစစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း(၇)နှင့် မုံရွာခရိုင်တပ်ရင်း(၄)၊ Special force-11၊ Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite (STF)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၂၁) တပ်ခွဲ(၃)တို့က လည်းကောင်း၊ ရွှေဘိုနယ်စစ်ဆင်ရေးကို Crocodile ၊ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ၊ EYE FORE EYE တို့ကလည်းကောင်း အသီးသီး ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ရွှေဘိုနယ်၊ သီလုံးပျူများထံမှ သိမ်းဆည်းရမိသော သေနတ် သုံးလက်နှင့် ခဲယမ်းများနှင့် တောပုပျူရွာမှ သိမ်းဆည်းရမိသော ယူနီဖောင်းနှင့် ရိက္ခါများအား တွေ့ရစဉ်။ ဓာတ်ပုံ-ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်-၇ တပ်ရင်း)

Leave a Reply

Your email address will not be published. Required fields are marked *