Local News

စစ်မှုထမ်းဥပဒေနှင့်အတူ တရားဝင်ပေါ်တာဆွဲခွင့် ပြုလိုက်ပြီလား

စစ်မှုထမ်းဥပဒေနှင့်အတူ တရားဝင်ပေါ်တာဆွဲခွင့် ပြုလိုက်ပြီလား

၀၀၁ ရေးသားသည်။

သုံးဘီးမောင်းသည့် ကိုမောင်မောင်(အမည်လွဲ)က အရင်ကဆိုလျှင် ည ၉ နာရီဝန်းကျင်တွင် အလုပ်သိမ်းသော်လည်း ညနက်ပိုင်းအထိ ဖုန်းဆက် ဌားသူရှိပါက ဝမ်းသာအားရ လက်ခံစမြဲပင်။ သို့သော် လက်ရှိအချိန်တွင် ည ၆ နာရီခွဲဝန်းကျင်ရောက်သည်နှင့် ကိုမောင်မောင်က အလုပ်သိမ်းသည်။ ထို့နောက် မည်မျှရင်းနှီးသူဖြစ်စေ လာရောက်ဌားရမ်းပါက ငြင်းလွှတ်စမြဲပင်။

“အဲ့ဒီဥပဒေထွက်ပြီးမှ ပိုဆိုးလာတာ” ဟု ကိုမောင်မောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ရည်ညွှန်းပြောဆိုသည်။

ကိုမောင်မောင်မှာ နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး သူ့မိတ်ဆွေအများက သူနေထိုင်ရာဒေသသည် မြန်မာပြည်တွင် အလုံခြုံဆုံးနေရာဖြစ်သည်ဟုပင် စနောက်လေ့ရှိသည်။

သို့သော် ကိုမောင်မောင်က ပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း လူမှုကွန်ရက်တွင် ခပ်စိတ်စိတ်မြင်တွေ့လာရသည့် လူပျောက်ကြေညာများကြောင့် ပေါ်တာအဆွဲခံရမည်ကို စိုးရိမ်နေသည်ဟု ပြောသည်။

“အဲ့ဒီနောက်ပိုင်းဆို မနေရဲတော့ဘူး။ အဲ့ဒီလိုဆွဲတာတွေ ဘာတွေကြားရတော့။ တခြားသူတွေလည်းအဲ့ဒီလိုပါပဲ မနေရဲကြဘူး။ ကျွန်တော်တို့ သိမ်းတဲ့အချိန်ပြန်ကြတာပဲ။ အရင်ကတော့ ၈ ခွဲ ၉ နာရီလောက်အထိ ၊ သိမ်းတာတော့သိမ်းသွားတာ ဖုန်းနဲ့လှမ်းခေါ်ရင်သွားရတယ်။ လာရတယ်။ အခုတော့ အဲ့ဒီအချိန်လောက်က မနေရဲတော့ဘူး။ လှမ်းခေါ်ရင်လည်း အဲ့ဒီအချိန်ကြီး မလိုက်ရဲဘူး ပြောရတာပေါ့”ဟု ၎င်းက ဆိုသည်။

ကိုမောင်မောင်၏ အသက်မှာ စစ်ကောင်စီ ကြေညာထားသည့် စစ်မှုထမ်းရမည့် အသက်အရွယ်ကို ကျော်လွန်နေပြီဖြစ်သည်။ သို့သော် ကိုမောင်မောင်က စစ်မှုထမ်းရန်ဟုဆိုကာ သူ့အား
အတင်းခေါ်ဆောင်သွားမည်ကို စိုးရိမ်ပူပန်သည် ။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မဇူးဇူးကလည်း “စိတ်လုံခြုံမှု မရှိတော့ဘူး။ အိမ်ထဲက အိမ်ပြင်ထွက်ရင်ကို လုံခြုံမှု မရှိတော့တာပေါ့” ဟု မဇူးဇူး (အမည်လွှဲ) က ပြောသည်။

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းလိုက်သည်။

ထိုဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သူများ စာရင်းတွင် မဇူးဇူးလည်း တဦးအပါအဝင် ဖြစ်သည်။

အဆိုပါ ဥပဒေအသက်သွင်းပြီးနောက် လူပျောက်ဆုံးမှုများလည်း ကြားနေရသည့်အတွက် ပေါ်တာဆွဲခံရမည့်အရေးကို စိုးရိမ်လျက်ရှိသည်ဟု မဇူးဇူးက ဆိုသည်။

“အခုလမ်းမ ထွက်လို့ရှိရင်တောင် မှောင်စဝင်တာနဲ့ကို အပြင်မထွက်ရဲတာတို့၊ သူများတွေဆို ရုံးပြန်ချိန်တောင် ကြောက်လန့်နေရတာတို့ ရုံးပြန်နောက်ကျတာမျိုးတို့တောင် မဖြစ်ရဲတော့သလိုဘဲ” ဟု မဇူးဇူးက ပြောသည်။

“ပြီးတော့အဲ့ဒီဟာကလည်း ညဘက်တင် မဟုတ်ဘူး။ နေ့ဘက်ရောပေါ့။ မြင်တာနဲ့ကိုပဲ ဘာလဲပေါ့ကိုယ်က လိုက်ကြည့်နေရတဲ့ပုံစံပေါ့။ သူတို့ကိုမြင်တာနဲ့ ကိုယ့်အတွက် အန္တရာယ်ရောကင်းရဲ့လား သူတို့ဘာလုပ်ဖို့ ကိုယ့်အနား ဖြတ်သွားတာလဲ၊ ဘာလုပ်ဖို့လာတာလဲ အဲ့ဒီလိုမျိုးအထိတောင် စဉ်းစားနေရတယ်” ဟု မဇူးဇူးက ဆက်ပြောသည်။

စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများသည် နှစ်နှစ်မှ ငါးနှစ်အထိ စစ်မှုထမ်းဆောင်ရမည် ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းသား ခေါ်ယူမှုကို ယခုနှစ် သင်္ကြန်ကာလအပြီးတွင် ခေါ်ယူသွားမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်ကို အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီဘက်က ထုတ်ပြောထားသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသားဦးရေ ခြောက်သန်းနှင့် အမျိုးသမီးဦးရေ ခုနစ်သန်း စုစုပေါင်း အင်အား ၁၃ သန်းရှိနေသည်။

ယခုဥပဒေကြောင့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဘက်က ယုံကြည်ထားသည်။

သို့သော်လည်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် နေထိုင်သူအချို့၌ပင် ပေါ်တာဆွဲခံရမည်ကို စိုးရိမ် ကြောက်ရွံ့မှုများ ရှိနေကြောင်း မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် မြို့နေပြည်သူ အများစုက ပြောသည်။

စစ်မှုထမ်းဥပဒေကို နိုင်ငံတော်ကာကွယ်ရေးအတွက်ဟုဆိုကာ အမည်ခံအသုံးချပြီး တဖက်သတ်ထုတ်ပြန်ခြင်းသည် အပြစ်မဲ့ပြည်သူများကို စစ်ပွဲများအတွင်းသို့ အဓမ္မခေါ်ဆောင်၍ လူသားဒိုင်းအဖြစ် အကာအကွယ်ယူခြင်းဟု New Myanmar Foundation က ဖေဖော်ဝါရီ တတိယသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လက်နက်ခဲယမ်းရိက္ခာများ သယ်ဆောင်စေခြင်းစသည့် စစ်ရာဇဝတ်မှုများကိုလည်း ပေါ်ပေါ်တင်တင် ကျူးလွန်ရန် လမ်းစဖော်လိုက်သည်မှာ ထင်ရှားကြောင်းလည်း ဆိုသည်။

“ပြောမယ်ဆိုရင် အတင်းအဓမ္မ စစ်မှုမထမ်းမနေရကို လုပ်တာ။ ဂျပန်ခေတ်တုန်းက ချွေးတပ်ထက်တောင် ကျွန်တော်ထင်တယ် ပိုဆိုးတယ်။ ဂျပန်ခေတ်တုန်းက ကိုယ့်တိုင်းပြည်ကို ကျွန်ပြုတဲ့လူကနေလုပ်တာ။ အခုကမဟုတ်ဘူး။ ကိုယ့်ပြည်သူတွေကို စစ်တပ်ကနေ ကျွန်ပြုပြီး ချွေးတပ်စွဲတာ”ဟု New Myanmar Foundation ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစန်းအောင်က ပြောသည်။

တရားဝင် ပေါ်တာဆွဲခွင့် ပြုလိုက်ပြီလား

ပြည်သူ့စစ်မှုထမ်းဥပဒမှာ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ပြီးသူများကို ဥပဒေနှင့်အညီ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည်ဟု ဆိုထားသည်။

သို့သော်လည်း ထိုဥပဒေအသက်သွင်းပြီးနောက် နေပြည်တော် အပါအဝင် မြို့အချို့တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ရင်း လူငယ်အချို့ကို ဖမ်းဆီးသွားခြင်းအပြင် ခရီးသွားလူငယ်အချို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှ တန့်ဆည်မြို့နယ်သို့ ပြန်လာသည့် အသက် ၁၈ နှစ်မှ ၂၄ နှစ်အရွယ်ရှိကြသည့် လူငယ်လေးဦး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ လူငယ်များသည် နိုင်ငံခြားသို့ အလုပ်နှင့်သွားရန် ပြင်ဆင်နေကြသူများဖြစ်ပြီး ပေါ်တာဆွဲသည့် သတင်းကြောင့် မိဘများက နေရပ်သို့ ပြန်ခေါ်ချိန်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

အလားတူ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များလည်း နေရာဒေသမျိုးစုံတွင် ရှိနေသည်ဟု စောင့်ကြည့်နေသူများက ပြောသည်။

စစ်မှုထမ်းခိုင်းခြင်းနှင့် ပေါ်တာဆွဲခြင်းတို့သည့် စစ်တပ်ထဲသို့ သွတ်သွင်းခြင်း တူသော်လည်း လုပ်ထုံးလုပ်နည်း ပုံစံမတူကြောင်း CDM အရာရှိများက ထောက်ပြသည်။

အာဏာသိမ်းပြီးနောက် ပြုန်းတီးအင်အားများပြီး တပ်သားသစ် စုဆောင်းရရှိမှု နည်းပါးနေသည့် စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပုံစံအမျိးမျိုးဖြင့် စစ်တပ်ထဲ သွတ်သွင်းမှုများ ရှိလာနေသည်ဟု ဆိုသည်။

“တပ်သားသစ် ရရှိဖို့အတွက်ကတော့ လိုအပ်သလို ပေါ်တာဆွဲတာလည်းလုပ်မယ်။ စစ်မှုထမ်းဥပဒေနဲ့ ပြဌာန်းပြီးတော့ စနစ်တကျလုပ်နေတာလည်း ရှိမယ်။ ကြားထဲမှာ သူ့ဟာသူ ပေါ်တာဆွဲတဲ့သူတွေကို စစ်မှုထမ်းဥပဒေနဲ့လို့ ထင်သွားပြီးတော့ ခေါ်သွားလည်း သူတို့က ရောထိုင်ပြီးတော့ အဖွဲ့တွေက ခေါ်တဲ့အနေအထားမျိုးလည်းရှိမယ်” ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

New Myanmar Foundation ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစန်းအောင်က‌ “ဗမာပြည်မှာက ဥပဒေကတမျိုး၊ ဉပဒေကို အကာအကွယ်ပြုပြီးတော့ လုပ်ချင်တာလုပ်ကြတာ။ ဆိုတဲ့အခါကျတော့ အခုက ဥပဒေအရဆိုရင်တော့ သူတို့က ဆင့်ခေါ်မယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းက ဆင့်ခေါ်တဲ့အဆင့်ကို မရောက်တော့ဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမှု ပေါ်တာဆွဲကြောင်း သတင်းများမှာ “မဟုတ်မမှန်” ဟု ၎င်းတို့ထိန်းချုပ်ထားသော ကြေးမုံသတင်းစာမှတဆင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ငြင်းဆိုခဲ့သည်။

ဥပဒေ ရည်ရွယ်ချက်နှင့် ကွဲလွဲ

စစ်မှုထမ်း ဥပဒေ ပြဌာန်းရသည့် အဓိက ရည်ရွယ်ချက်မှာ နိုင်ငံသားတိုင်း ဒို့တာဝန်အရေး သုံးပါးစောင့်ထိန်းရန် တာဝန်ရှိသည်နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန်အတွက် ပြဌာန်းသည့် ဥပဒေဖြစ်ကြောင်း ဥပဒေထုတ်ပြန်ပြီး နောက်တရက်တွင် စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီ၏ အဆိုပါ ပြောဆိုချက်ကို ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက ပယ်ချလိုက်သည်။

တိုင်းတပါး နိုင်ငံတခုက ကျူးကျော်ခြင်း သို့မဟုတ် ကျူးကျော်ဖွယ်ရာ အခြေအနေများ ပေါ်ပေါက်လာခြင်း၊ ကမ္ဘာလုံးချီ စစ်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည့် အခြေအနေမျိုးတွင်သာ ပြဌာန်းရခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။

နိုင်ငံရေးအားပြိုင်မှုမှတဆင့် စစ်ရေးအားပြိုင်မှု ပြင်းထန်လာချိန်တွင် ယခုကဲ့သို့ စစ်မှုထမ်းဆောင်ခိုင်းခြင်းသည် ပြည်သူအချင်းချင်း၊ ပြည်ထောင်စုသားအချင်းချင်း သတ်ဖြတ်ခိုင်းခြင်းဖြစ်ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွသူများက ဝေဖန်သည်။

လူ့အခွင့်အရေး၊ လူမှုတရားမျှတမှု၊ ဥပဒေ၏ ပင်မရည်ရွယ်ချက် မည်သည့်ဘက်က ကြည့်သည်ဖြစ်စေ သင့်မြတ်သည့် အလုပ်မဟုတ်ကြောင်းလည်း ထောက်ပြကြသည်။

“ဥပဒေအနေနဲ့ကတော့ ကျွန်တော်တို့ ပြောစရာမလိုပါဘူး။ သို့သော် ဥပဒေကို အသုံးပြုပုံ၊ ပြုနည်းကိုသာလျှင် သင့်မြတ်တဲ့အနေအထားမရှိဘူးလို့ ကျွန်‌တော်ဝေဖန်လို့ ရတာပေါ့” ဟု ဥပဒေပညာရှင်တဦးက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း “သူ့စစ်သားတွေက အကုန်လက်နက် ချထွက်ပြေး စစ်ရှုံး၊ စစ်ထဲဝင်တဲ့လူလည်း မရှိဘူးဆိုတော့ သူတို့ စည်းစမ်းဥစ္စာ အသက်တွေ နီးနေပြီလေ။ သူတို့ စစ်ဗိုလ်ချုပ်တွေရဲ့ အသက်တွေ စည်းစိမ်တွေက ပြုတ်တော့မယ်။ မကြာတော့ဘူး။ အကုန်တပ်က ပျက်နေပြီ။ အဲ့တာမလို့ သူတို့ကို ကာကွယ်ဖို့အတွက် သူတို့စည်းစိမ်တွေ ကာကွယ်ဖို့အတွက် လူငယ်တွေကို စတေးတာပဲ။ အင်မတန်ကို ယုတ်မာတာပေါ့” ဟု ဆိုသည်။

“ရှင်းရှင်းပြောရင် သူတို့လည်းပဲ (စကစ) တကယ့်စွန့်စားခန်းကြီးပဲ။ သူတို့လည်း အသက်ဘေးနဲ့ နီးတဲ့ကိစ္စကြီးပဲ။ တပ်ပျက်သွားနိုင်တယ်” ဟု ဦးကြီးမြင့်က ဆက်ပြောသည်။

လူငယ်များရွေးချယ်သည့် လမ်းများ

စစ်မှုထမ်း ဥပဒေကြောင့် လူငယ်အများအပြား ပြည်ပထွက်ခွာရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်းမှုများရှိလာပြီး ထိုင်းသံရုံးရှေ့တွင်လည်း ပြည်ဝင်ခွင့် ဗီဇာအတွက် လူထောင်ချီ တန်းစီစောင့်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံခြား မထွက်ခွာနိုင်သေးသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များထဲလည်း မသွားရောက်နိုင်သူများလည်း ရှိနေသည်။

မဇူးဇူးက ”လက်ရှိပြောရမယ်ဆိုရင်တော့ ဘာမှ မပြင်ဆင်နိုင်သေးဘူး။ ဘာလို့လဲဆို အခုကိုယ်ရပ်တည်နေတဲ့အလုပ်ကိုလည်း မစွန့်လွှတ်နိုင်သေးဘူး။ အဲ့တာတကြောင်း။ ပြီးတော့ မိသားစုတွေကို စွန့်ခွာဖို့ကတကြောင်း အဲ့ဒီလိုမျိုးဆိုတော့ အဆင်ပြေနေတဲ့သူ မဟုတ်တဲ့အတွက်ကိုရော ချက်ချင်းလက်ငင်းပြေးဖို့တွေ ဆိုတာထက်ကိုပဲ ဘာမှကိုပဲ မစီစဉ်နိုင်သေးတဲ့ အခြေအနေမှာရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က ဆောင်ရွက်လာမည့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြည်သူ့စစ်မှုထမ်း ခေါ်ရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း စစ်ကောင်စီက ၎င်းတို့လက်အောက်ခံ သတင်းစာမှတဆင့် ပြောဆိုထားသည်။

သို့သော် အမျိုးသမီးများကို သင်တန်းအမှတ်စဉ် (၅) တွင် ခေါ်ယူမည်ဟု ပြောဆိုမှုလည်း ရှိထားသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေသည် တရားဝင်မှု မရှိသကဲ့သို့ ပြည်သူလူထုအနေဖြင့် လုံးဝလိုက်နာရန်မလိုကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်မှု ယန္တရားတွင် ပါဝင်ပတ်သက်သူများကိုလည်း ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထား သည်။

ပဲခူးတိုင်းတွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသားတဦးက စစ်မှုထမ်းဥပဒေကို ကြားသိရပြီးနောက် “ စိတ်လည်းဆိုးတယ်။ ဒေါသလည်းထွက်တယ်။ ကိုယ်အိပ်မက်ထားတဲ့အရာတွေ ပျက်စီးသွားတော့၊ ဒါခံစားဖူးမှာပါ” ဟု ပြောသည်။

“ကျွန်တော်က နိုင်ငံခြားထွက်ဖို့တော့ အခြေအနေ မရှိဘူး။ ဒီလူတွေကိုပဲ တိုက်ထုတ်သွားတော့မယ်” ၎င်းက ပြောသည်။

စာတည်း။ ။ နောင်နောင်

#စစ်မှုထမ်းဥပဒေ
#တရားဝင်ပေါ်တာဆွဲ
#စကစ
#Mizzima

Leave a Reply

Your email address will not be published. Required fields are marked *